ကိုရီးယားကား အကြည့်လွန်ရင်း မအိပ်ဖြစ်တော့တဲ့ ညတွေ
အပိုင်းရှည်တဲ့ ရုပ်ရှင်စီးရီးတွေဆိုတာ အချိန်အကြာကြီး တီဗီရှေ့ထိုင်ရင်း မုန့်လေးစားလိုက်၊ အအေးလေးသောက်လိုက်နဲ့ ညလုံးပေါက်တွေ ကြည့်လို့သိပ်ကောင်းတဲ့ ကားမျိုးတွေပေါ့။ အထူးသဖြင့် ကိုရီးယားကားကြိုက်တဲ့ လူငယ်တွေအတွက် စီးရီးတစ်ခုလုံးကို တစ်နေ့တည်းနဲ့ အပြတ်ဖြတ်တဲ့ အလေ့အကျင့်တွေဟာ အရမ်းခေတ်စားလို့ နေဆဲပါ။
ဒီမှာ သတိထားဖို့လိုတာကတော့ ရုပ်ရှင်အကြည့်များပြီး ညမအိပ်တဲ့ ပြဿနာဟာ ကိုယ့်ကို ကျန်းမာရေးအရ ဒုက္ခတွေအများကြီး ပေးနိုင်တဲ့ မကောင်းတဲ့အကျင့်တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ အဓိကကျန်းမာရေးပြဿနာတွေကို မီးမောင်းထိုးရမယ်ဆိုရင်…
၁။ ရုပ်ရှင်ကို အချိန်ကြာမြင့်တဲ့အထိ ကြည့်တဲ့အခါ ဒီကားကို စိတ်ဝင်စားမှုများပြီး အာရုံပိုစိုက်လိုက်တဲ့အတွက် အမြင်အာရုံကြောစနစ်ဟာ ပိုညောင်းညာကိုက်ခဲနိုင်ပါတယ်။ အာရုံကြောစနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထောက်ပံ့ပေးသလို ဦးနှောက်ရဲ့ အဓိကတာဝန်လည်း ဖြစ်တဲ့အတွက် မျက်စိအာရုံကြော ညောင်းကိုက်လာခြင်းဟာ ဦးနှောက်ကိုလည်း ပိုပြီးပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခမ်းစေပါတယ်။
၂။ တီဗီ၊ ကွန်ပျူတာ ဖန်သားပြင်ကနေ ထွက်လာတဲ့ အပြာရောင်အလင်းတွေဟာ မျက်ကြည်လွှာကို ထိုးဖောက်ပြီး မျက်လုံးထဲ ဝင်လာရာကနေ မျက်စိအာရုံကြောကို ညောင်းညာကိုက်ခဲစေတယ်၊ မျက်ရည်ပူတွေ ကျစေတယ်၊ အမြင်အာရုံ ဝေဝါးလာစေတယ်၊ ဒါ့အပြင် ညအိပ်တဲ့အခါ မျက်လုံးကြောင်စေပြီး အမှောင်ထဲမှာ အလင်းအမှုန်တွေ တဖြတ်ဖြတ် ပြေးနေသလို မြင်လာရစေပါတယ်။ အကျိုးဆက်အနေနဲ့ အချိန်ကြာလာတာနဲ့အမျှ မျက်စိပါဝါတက်လာနိုင်ပါတယ်။
၃။ ရုပ်ရှင်ကြည့်တဲ့အခါ ဒီအတိုင်းထိုင်ပြီး ငြိမ်ငြိမ်လေးကြည့်တဲ့သူတွေဆိုတာ တော်တော်ရှားပါတယ်။ အထူးသဖြင့် ညဘက်တွေ မအိပ်ဘဲ ရုပ်ရှင်ကြည့်ပြီဆိုရင် ဦးနှောက်ကနေ ထွက်လာတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကြောင့် အချိုဓာတ်၊ အငန်ဓာတ်လွန်ကဲတဲ့ မုန့်ပဲသရေစာတွေ၊ အဆီအစိမ့်တွေ၊ အကြော်တွေ၊ အချိုမုန့်တွေကို ပိုစားချင်စိတ်ဖြစ်စေပါတယ်။ ဒီအခါမှာ စားလိုက်သမျှ အစားအစာတွေကို တစ်နေ့လုံးအစာချက်ပြီး အနားမရသေးတဲ့ အစာအိမ်က ချက်လုပ်ရတဲ့အတွက် အစာမကြေဖြစ်သလို ကျန်းမာရေးနဲ့ မညီညွတ်တာတွေကိုပဲ အများကြီးစားမိလိုက်တဲ့အတွက် ကြာလာရင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
၄။ အိပ်ချိန်ဟာ အစားထိုးပြန်မရတဲ့အရာတွေထဲမှာ ပါသလို ခန္ဓာကိုယ်ကို အဓိကအနားပေးပြီး ပြုပြင်ပေးတာဟာ ညအိပ်ချိန်ဖြစ်တာကြောင့် မနက်ဘက်ရောက်မှ အိပ်လိုက်လို့ ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်အတွက်ပါ အကျိုးမဖြစ်စေပါဘူး။ အိပ်ရေးပျက်တဲ့ညတွေ များလာတာနဲ့အမျှ ဦးနှောက်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုအားကျဆင်းလာမှာဖြစ်သလို ကိုယ့်ရဲ့ကျန်းမာရေးလည်း တဖြည်းဖြည်း ထိခိုက်လာနိုင်ပါတယ်။
၅။ ရုပ်ရှင်ကို သဲကြီးမဲကြီးကြည့်တဲ့အခါ မုန့်ယူဖို့နဲ့ အိမ်သာတက်ဖို့လောက်ကလွဲရင် တီဗီရှေ့ကနေ ထိုင်ရာကမထဘဲ သံမှိုစွဲထားသလို ဖင်ကပ်ပြီး ကြည့်နေတတ်ကြတာ သဘာဝပါပဲ။ ဒီအခါမှာ ခန္ဓာကိုယ်က ကိုယ်လက်လှုပ်ရှားမှုမရှိတော့သလို သွေးလည်ပတ်မှုအားနဲ့ အသက်ရှူနှုန်းလည်း ကျဆင်းသွားတယ်။ ဒါ့အပြင် စားလိုက်တဲ့အစားအစာတွေကနေ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို ကောင်းစွာမချက်လုပ်ရတာကြောင့် ခန္ဓာကိုယ်ထဲ အဆီနဲ့ ကယ်လိုရီတွေ စုပုံသွားပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။
ဒီတော့ ကိုရီးယားကားကို အချိန်အကြာကြီး ကြည့်ဖို့ စဉ်းစားထားသူတွေအနေနဲ့
၁။ မနက်ကတည်းက စကြည့်ပါ၊ ရပ်ရမယ့်အချိန်ကို Alarm ပေးထားပြီး အသံမြည်တာနဲ့ ရုပ်ရှင်ကြည့်တာကို ရပ်လို့ ရေနွေးနွေးနဲ့ ချိုးတာ၊ မျက်စိအနားပေးတာ၊ စာဖတ်တာ၊ အိမ်အလုပ်လုပ်တာမျိုး လုပ်ပေးပါ။
၂။ ညဘက်မှာ ရုပ်ရှင်ကြည့်တာကို တတ်နိုင်သလောက် ရှောင်ပါ။ အကယ်လို့ တစ်ညအိပ်ရေးပျက်လိုက်တဲ့အခါ နောက်ရက်တွေမှာ အိပ်ချိန်ကို ပိုယူပြီး များများအိပ်ပေးပါ။
၃။ ရုပ်ရှင်ကြည့်ရင်း ရေသောက်ဖို့မမေ့ပါနဲ့။ ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်စေဖို့ ကာကွယ်ပေးသလို မကြာခဏဆီးထသွားရတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုလည်း ဖြစ်စေပါတယ်။
၄။ အိပ်ချိန်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကြပ်ပါ။ ကိုယ့်ရဲ့အိပ်ချိန်ဇယားအတိုင်း အတိအကျအိပ်ပြီး ရုပ်ရှင်ကြည့်စရာကျန်နေရင်တောင် စိတ်ပိုင်းဖြတ်လို့ နောက်တစ်နေ့ နိုးထလာတော့မှပဲ ဆက်ကြည့်ပေးပါ။
၅။ ရုပ်ရှင်ကို ဆက်တိုက်မကြည့်ဘဲ နားနားပြီး ကြည့်တဲ့အကျင့်မျိုး လုပ်ပေးပါ။
၆။ ဒီလိုအကျင့်မျိုးဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေတာမျိုး မရှိဘဲ ရေရှည်မှာ ဒုက္ခများစွာ ဖြစ်စေနိုင်တာကို အမြဲသတိပြုပါ။
ရဲမျိုးမြတ်